The Man in the High Castle (ရဲတိုက်ကြီးပေါ်ကလူ) ဆိုတဲ့ စီးရီးဟာ
အတော်လေး ထူးခြားတဲ့ စီးရီးတစ်ခုပါပဲ။
Doctor Strange တို့ဘာတို့မှာကြည့်ရတဲ့ အပြိုင်စကြဝဠာ၊
အချိန်ခရီးသွားခြင်းတွေလိုပါပဲ။ ဇာတ်ကောင်တွေနေနေတဲ့ ကမ္ဘာဟာ
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့မတူညီပါဘူး။ ဘာလို့မတူညီတာလဲဆိုတော့
ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဂျပန်တွေ စစ်နိုင်သွားပြီး
ကမ္ဘာကြီးကို ဖက်ဆစ်စနစ်နဲ့ အုပ်စိုးနေတဲ့ ကမ္ဘာကြီးဖြစ်နေလို့ပါပဲ။
ဒီနေ့ခေတ်အထိ ဂျူးတွေကိုအဆိပ်ပေးသတ်ခွင့်ရှိတယ်၊
ကင်ပေတိုင်တွေ SS တွေကြီးစိုးတယ်။
ချွေးတပ်စခန်းတွေထားတယ်။ သေဒဏ်တွေ၊
ဖမ်းဆီးနှိပ်စက်တာတွေ၊ မိသားစုလိုက်ကို ဒုက္ခပေးတာတွေ
အကြပ်ကိုင်တာတွေ အားလုံးကို အစိုးရက တရားဝင်လုပ်ဆောင်နေတဲ့ ကမ္ဘာပါပဲ။
ဒီတော့ ဒီအစိုးရတွေကို တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိလာတာပေါ့။
ဒါပေမဲ့ အင်အားအရမ်းနည်းနေပြီး ဖက်ဆစ်တွေကလည်း
ကမ္ဘာတစ်ခုလုံးကို အုပ်စိုးထားပြီဆိုတော့ တော်လှန်ရေးအောင်နိုင်ချေက
မဖြစ်နိုင်သလိုပါပဲ။ ဒါ့အပြင် ဒီဖက်ဆစ်တွေလက်အောက်မှာကိုမှ
မသေရုံတမယ် စည်းကမ်းအကုန်လိုက်နာဦးညွှတ်နေရတာကို
အသားကျပြီး ကျွန်ပါးဝသွားတဲ့လူတွေကလည်း
ကမ္ဘာအနှံ့မှာ ဖြစ်နေတော့ တော်လှန်ရေးအတွက်တစ်ခုခုလှုပ်ရှားမယ်ဆိုတာနဲ့၊
ထိခိုက်မှာကြောက်ပြီးတားမယ့်သူတွေ
သတင်းပေးတဲ့သူတွေလည်း ပြည့်နေပါပြီ။
ဒါပေမဲ့ ဒီအချိန်မှာပဲ ထူးခြားတဲ့မျှော်လင့်ချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။
ဖက်ဆစ်တွေ စစ်ရှုံးပြီး အမေရိကန်မှာ ပြည်သူတွေ ပျော်ပွဲရွှင်ပွဲ
အကြီးအကျယ်နွှဲနေတဲ့၊ တကယ်ဖြစ်နိုင်ခဲ့တဲ့
အပြိုင်ကမ္ဘာမြင်ကွင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖလင်တွေ ထွက်ပေါ်လာတာပါပဲ။
ဒီရုပ်ရှင်တွေကိုဖျက်ဆီးဖို့ဟစ်တလာကိုယ်တိုင်
အသည်းအသန် အမိန့်ပေးနေပေမဲ့ လိုက်နေတဲ့သူတွေရော၊
တော်လှန်ရေးသမားတွေရောက ဒီရုပ်ရှင်ဖလင်ရဲ့ အဓိပ္ပါယ်နဲ့ အရေးပါပုံကို
မသိကြသေးပါဘူး။ အဲဒီနောက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကို
ရသအစုံ ရင်တမမနဲ့ ကြည့်ရတော့မှာပါပဲ။
Season (၄)ခု အပိုင်း စုစုပေါင်း (၄၀) ရှိပြီး အပိုင်းတိုင်းစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်
ရိုက်ချက်တွေလည်း အတော်လန်းတာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်..